ပြယုဂ်


ချောင်းတဖက်ကမ်း ခပ်လှမ်းလှမ်းတွင်
စိမ့်စမ်းရေသွယ် ခွေရစ်လည်လျက်
မြညှာရွက်တို့ ချိုမြက်သီနှံ
ပေါပြည့်လျှံသည့် တောရံတစ်အုပ်ရှိသတဲ့။

ဒီတစ်ဖက်ကမ်း ချောင်းရိုးတန်းမှ
ဖြတ်သန်းကျော်လွှား လူတိုင်းသွားရန်
တံတားနှစ်ခုရှိတယ်ဟာ။

တံတားတစ်ခု ထုထည်ခိုင်ခံ့
ကြံ့ကြံ့မတ်မတ် သစ်ဝါးညှပ်၍
သပ်ရပ်တည်ရှိနေပါ၏။

ကျန်တံတားကား
ဝါးတိုင်ယိမ်းနွဲ့ ယိုင်ယဲ့ယဲ့နှင့်
လေသွဲ့တိုင်းခါ လေလာတိုင်းလုပ်
ပြုတ်ကျမလား ပြိုမလားပေါ့
ခြောက်ခြားရင်တုန်စရာပဲ။

လူအများက မြသားစိမ်းစို
တောအုပ်ကိုသွား သစ်တံတားမှ
ကျော်လွှားနေကြ စိတ်လက်ချ၏
ဘာမှခက်ခဲပုံမပေါ်။

တံတားအိုမှ ဖြတ်ကျော်ရလျှင်
ချော်ကျနိုင်သေး စိတ်မအေးပါ
သွားလိုရာကို ဘယ်မှာလွယ်လွယ်
ရောက်အံ့နည်း။ 

ချစ်သူ….
လူတိုင်းမသွား စိတ်ချောက်ချားသည့်
တံတားအိုမှ ဖြတ်ကျော်ကြရန်
ဆန္ဒလည်းရှိ သတိလည်းဖက်
ယုံကြည်ချက်မြဲ စိတ်ရဲရဲနှင့်
မင်းလည်းသွားဝံ့ပါ့မလား။

မယုံမချင် မခုံမင်လင့်
ပုံပြင်ပဲထား မင်းစဉ်းစားပါ
တံတားအိုက ကိုယ့်ဘ၀၏
ပြယုဂ်တစ်ခုပါပဲလေ။
                                                                မောင်စိန်ဝင်း (ပုတီးကုန်း)

No comments: